လိင်ဆက်ဆံနေတုန်း လေလည်ဖူးကြလား
လူတိုင်းဟာ အချိန်တိုင်းမှာ လေလည်တတ်ပြီး ဒါဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက ကိုယ်တွင်းအင်္ဂါတွေ၊ ကလီစာတွေကနေ သူတို့အလုပ်တွေကို သေချာလုပ်ဆောင်နေတယ်ဆိုတဲ့၊ ကျန်းမာရေးကောင်းပြီး ပုံမှန်အတိုင်း လည်ပတ်နေတယ်ဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါဆို လိင်ဆက်ဆံနေတဲ့အချိန်လိုမျိုးမှာတောင် လေလည်တတ်တာ ထူးဆန်းတယ်တော့ မဟုတ်ဘူးပေါ့။
ဒါဆို ဘာကြောင့် လေလည်တာလဲဆိုတဲ့ ကိစ္စအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တကယ်တမ်းမှာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုဆိုပေမယ့် စူးစမ်းလိုက်မှ၊ သိချင်တာတွေ သိလိုက်ရမှဆိုရင်တော့ ဒီပြဿနာကို အဖြေရှာဖို့ လိုတာပေါ့။ စူးစမ်းလေ့လာထားသမျှထဲမှာ အဖြစ်များတာဆိုရင် -
၁။ လေရှူရှိုက်လိုက်တာ၊ စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်လိုက်တဲ့အခါ အစာခြေလမ်းကြောင်းထဲမှာ ဂက်စ်လို့ခေါ်တဲ့ လေတွေ ရောက်သွားတတ်ပါတယ်။
- Vaginal Sex ဖြစ်တဲ့အခါ ဆောင့်လိုက်တဲ့ တွန်းအားတစ်ခုဟာ စအိုလမ်းကြောင်းရဲ့ အောက်ဘက်ခြမ်းအထိပါ ဖိအားဖြစ်စေနိုင်ပါတယ်။ ဒီဖိအားကြောင့် ထိုးသွင်းဆက်ဆံမှု ပြုနေတဲ့အချိန်မှာ လေဒီလေးတွေအနေနဲ့ လေလည်တာကို ပုံမှန်လောက် မအောင့်နိုင်တော့ဘဲ လေလည်မိလိုက်တတ်ပါတယ်။
- Anal Sex လိုမျိုး စအိုအတွင်း ထိုးသွင်းဆက်ဆံချိန်မှာ စအိုလမ်းကြောင်းအတွင်းကို တိုက်ရိုက်ဖိအား သက်ရောက်စေပြီး စအိုကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် အတွင်းထဲက လေတွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လေလည်တတ်ပါတယ်။ လေမလည်မိရင်လည်း အတွင်းကို ပြန်ကန်တက်ပြီး ဝမ်းဗိုက်ထဲမှာ လေတွေ ရွေ့လျားလို့ ဂွီဂွီနဲ့ မြည်သံတွေ ထွက်နေတတ်ပါတယ်။
၂။ Irritable Bowel Syndrome (IBS) လို့ခေါ်တဲ့ အူလမ်းကြောင်း လှုပ်ရှားမှု မူမမှန်တဲ့ ကျန်းမာရေးပြဿနာရှိသူတွေမှာ ဝမ်းကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းမရှိသလို အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ဝမ်းဗိုက်ဖောရောင်တာ၊ ဗိုက်မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ လေပွတာတွေ မကြာခဏဖြစ်တတ်ပါတယ်။ ဒီကျန်းမာရေးအခြေအနေကြောင့် လိင်ဆက်ဆံနေစဉ်မှာ အမြဲတမ်းလိုလို လေကိုချုပ်ထားနိုင်ခြင်းမရှိဘဲ အမြဲလိုလို လေလည်နေတတ်ပါတယ်။
၃။ ကိုယ်ဝန်ဆောင်နေတဲ့ လေဒီလေးတွေမှာဆိုရင် ခန္ဓာကိုယ်ထဲ Progesterone ဟော်မုန်းတွေ အဆမတန် များလာသလို ဒီဓာတ်တွေကြောင့် အစာအိမ်ကြွက်သားနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အစာချေဖျက်မှု နှေးကွေးသွားပြီး အစာခြေလမ်းကြောင်းထဲ လေတွေကို ပိုထွက်လာစေသလို ခါတိုင်းထက် ပိုပြီး လေလည်စေနိုင်ပါတယ်။
၄။ နောက်တစ်ချက်ကတော့ အစာချေဖျက်ပြီး ထွက်လာတဲ့ လေမဟုတ်ဘဲ မိန်းမကိုယ်ထဲက လေတွေ (Vaginal Gas) တွေပဲ ဖြစ်ပါတယ်။ ထိုးသွင်းဆက်ဆံခံရချိန်မှာ မိန်းမကိုယ်အတွင်းမှာ တွန်းအားတစ်ခုက ဝင်လိုက်၊ ထွက်လိုက်ဖြစ်နေပြီး လေတွေကို အထဲကို အတင်းထိုးထည့်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ အထဲမှာ ပိတ်အောင်းနေတဲ့ လေတွေများလာတာနဲ့အမျှ အပြင်ကို ပြန်ထွက်လာဖို့ မိန်းမကိုယ်အတွင်းကနေ လေလည်သလို အသံတွေ ထွက်လာတတ်ပါတယ်။
လိင်ဆက်ဆံနေစဉ် လေလည်ခြင်းဟာ များသောအားဖြင့် စိုးရိမ်စရာလည်း မရှိသလို လုံးဝ ၁၀၀% ကာကွယ်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေနည်းအောင် လျှော့ချချင်တယ်ဆိုရင်တော့
- လိင်မှုကိစ္စမတိုင်ခင် အနည်းဆုံး (၂) နာရီလောက်ခြားပြီး ဝမ်းသွားထားပါ။
- ကိုယ့်ဝမ်းဗိုက်အတွက် သက်သောင့်သက်သာဖြစ်စေမယ့် Position နဲ့ ဆက်ဆံပါ။
- ကုန်းကွနေတာ၊ ကြွက်သားတွေကို ဆန့်တန်းနေရတဲ့ Position တွေကို တတ်နိုင်သလောက် ရှောင်ပါ။
- လိင်မဆက်ဆံခင် လေပွစေမယ့် ကြက်သွန်နီ၊ ဂေါ်ဖီပန်းပွင့်၊ ဂျုံ၊ နို့တွေကို ရှောင်ပါ။
- ရေ၊ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းပဲ သောက်ပေးပါ။
- ဂက်စ်ပါတဲ့ အအေးတွေကို လုံးဝရှောင်ပါ။
အကယ်လို့ ဒီကိစ္စဟာ ကိုယ့်အတွက် ဒါမှမဟုတ် ကိုယ့်ဆက်ဆံဖော်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်